ကမ္ဘာမှာ အကြီးဆုံး တခုတည်းသော စတီးဇလုံတွေနဲ့ တည်ထားတဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီး

“စတီးဇလုံဘုရားကြီး” မကွေးတိုင်း နတ်မောက်မြို့နယ်က စတီးဇလုံတွေနဲ့ တည်ထားတဲ့ ရွှေနတ်ကယ်တောင်ဘုရားကြီး..

‘ရွှေနတ်ကယ်တောင်’.. ရွှေနတ်ကယ်တောင်သည် မကွေးတိုင်း၊ နတ်မောက်မြို့၊ စိုင်ကောင်းကျေးရွာအနောက်ဖက် တစ်မိုင်ခန့်အကွာ သရက်ချောင်းကျေးရွာအနီးတွင် တည်ရှိပြီး နတ်မောက်-ပျော်ဘွယ် ကားလမ်းနှင့် တစ်မိုင်ခန့်ကွာဝေးပါသည်။ ရွှေနတ်ကယ်တောင်အား ယခင်က ဒေါ်ချုပ်၏ လယ်နှင့်နီးလို့ ဒေါ်ချုပ်တောင်၊ သစ်ပင်မရှိသည့်တောင်ကတုံးတွင် မြေဆီမြေလွှာဖြူနေသည့်အတွက် မြေဖြူ/တောင်ဖြူတောင်ဟူ၍ အမျိုးမျိုးခေါ်ကြပြီး တောင်၏အမြင့်မှာ “၂၁၅ ပေ” ခန့်ရှိပါသည်။

ရွှေနတ်ကယ်တောင်ဖြစ်ပေါ်လာပုံမှာ.. ဆရာတော်ဦးဝိမလဗုဒ္ဓိသည် မြန်မာသက္ကရာဇ် ၁၃၅၂ ခုနှစ်တွင် တောင်ပေါ်သို့စတင်ကြွရောက်လာပြီးတရားကျင့်ကြံအားထုတ်လျှက် သီတင်းသုံးနေထိုင်တော်မူလေသည်။ မြန်မာသက္ကရာဇ် ၁၃၅၄ ခုသို့ရောက်ရှိသောအခါဆရာတော်သည် ဤတောင်ပေါ်တွင် သာသနာပြုလုပ်ငန်းများလုပ်ကိုင်ရန် ကြံစည်အားထုတ်တော်မူလေတော့သည်။ သို့သော်ဒေါ်ချုပ်တောင်၊ မြေဖြူ/တောင်ဖြူတောင်ဟူသောအမည်ကို သဘောမတွေ့ဖြစ်နေသဖြင့် သာသနာပြုမည့်နေရာတွင် အမည်သန့်၊ မြေသန့်ဖြစ်ရန်အဓိကကျသည်ဟု သတိပြုမိလေ၏။

တောင်တော်အားအမည်ပေးရန် စဉ်းစားတွေးတောနေစဉ် နွားကျောင်းသားလေးတစ်ဦး “နတ်ကယ်တောင်.. နတ်ကယ်တောင်” ဟု အော်ဟစ်ပြီး တောင်ပေါ်ပြေးတက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ “နတ်ကယ်တောင်” အမည်အား နွားကျောင်းသား၏ နှုတ်မှာစီး၍ နတ်များမှပြောကြားလေသလောဟု တွေးမိသော်လည်း ဤအမည်အား စိတ်တိုင်းမကျဖြစ်နေပြန်၏။

ဤတောင်၏အနီးအနားပတ်၀န်းကျင်တွင်.. နတ်မောက်မြို့၊ နဘူးကွဲရွာ၊ နဘူးတောင်၊ နတတ်တောင်စသဖြင့် စနေနံအမည်ဖြင့်များစွာရှိနေပြီးဖြစ်သဖြင့် စနေနံအစအမည်အား ထပ်၍မပေးချင်တော့ချေ။ ထို့ကြောင့် နတ်ကယ်တောင်ဟူသောအမည်အား ရွှေတစ်လုံးတိုးကာ “ရွှေနတ်ကယ်တောင်” ဟု အမည်ပေးလိုက်လေသည်။

ညချမ်းချိန်ခါတွင် ဆရာတော်တရားကျင့်ကြံနေစဉ် နတ်ကယ်တောင်အမည်နှင့်ဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှုနှေးလိမ့်မည် ဟုလျှောက်ထားသည့် အသံတစ်သံကြားလိုက်ရလေသည်။ ထိုအခါဆရာတော်မှ “တိုးတက်ချမ်းသာရန်လဲမလို၊ နာမည်ကြီးရန်လဲမလိုပါ ။မိမိ၏အကျင့်သိက္ခာကို “ရွှေ” ကဲ့သို့ တန်ဖိုးထားသည့်အတွက် “ရွှေ” တစ်လုံးတိုးကာ “ရွှေနတ်ကယ်တောင်” ဟု အမည်ပေးရန် ဆုံးဖြတ်ပြီးကြောင်း ပြန်လည်မိန့်ကြားလိုက်လေသည်။

ဆရာတော်သည် သက္ကရာဇ် ၁၃၅၄ ခုမှ ၁၃၆၆ ခုအထိတိုင်အောင် ခေါင်းအုံးမထား၊ စောင်မခြုံ၊ သင်္ကန်းသုံးစုံဖြင့်သာ ကျင့်ကြံ့အားထုတ်နေထိုင်တော်မူပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ခေတ္တကျိန်းစက်သည်ကများလေသည်။ သက္ကရာဇ် ၁၃၅၄ ခု၊ ကဆုန်လပြည့်နေ့တွင်ပင်းဗောဓိဆရာတော်ကြီးလှုဒါန်းသည့် ဗောဓိပင်ကို ရွှေနတ်ကယ်တောင်ပေါ်တွင် စိုက်ပျိုးခဲ့ပါသည်။ ထို့နောက် “ရွှေနတ်ကယ်တောင်တော်အစ.. ဆင်ခံဘုရားအောင်မြေက” ဟူသောစာချိုးအတိုင်း၁၃၅၄ ခု၊ နယုန်လဆန်း ၉ ရက်၊ နံနက် ၉ နာရီတွင်လူ ၉ ဦးဖြင့် ဆင်ခံဘုရားကို စတင်တည်ဆောက်ကိုးကွယ်ခဲ့လေသည်။

ထိုဆင်ခံဘုရားအား အိပ်မက်အရ “အလိုတော်ပြည့်ဘုရား” ဟု ဘွဲ့မည်ပေးကာ နတ်ကယ်တောင်ကိုလည်း “ရွှေနတ်ကယ်တောင်” ဟု အမည်သမုတ်ခဲ့လေတော့သည်။ ဆင်ခံဘုရားတည်ပြီးနောက် ၁၅ နှစ်အတွင်းမှာပင် ဤတောကွိုတောငျကွားတောငျကတုံးနရောကွိီးသညျ မယုံနိူင်လောက်စရာ စေတီပုထိုးပေါင်း (၆၀၀၀) ကျော်တည်နိုင်ခဲ့ပြီး သိုက်၊ နတ်ဓာတ်အစုံအလင်အထိပင် မမေ့မလျော့ထုလုပ်ထားသည့် သာသနာ့နယ်မြေကြီးအဖြစ် တွေ့မြင်နေကြရပြီဖြစ်လေသည်။

ကောဇာသက္ကရာဇ် ၂၀၁၃ ခု၊ အောက်တိုဘာလမှစ၍ အလျား ၁၅၀၀ ပေ၊ ဉာဏ်တော်အမြင့် ၃၀၀ ပေ ရှိသော ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးအား ကျင်းပေါင်း ၄၀၀ ကျော်တူးကာဒေါက်တိုင်များဖြင့် ထိန်းမတ်၍ တည်ဆောက်လျှက် ရှိပါသည်။ဘုရားဖူးလာသူ အလှုရှင်များ၏ လှုဒါန်းမှုဖြင့် ကျွမ်းကျင်သောပညာရှင်များအကူအညီရယူကာ တည်ဆောက်နေသည့် “ပြည်တော်သာ ဆုတောင်းပြည့် လျောင်းတော်မူ ရုပ်ပွားတော်ကြီး” မှာ ခန့်မှန်းကုန်ကျငွေ သိန်းပေါင်း ၆ သောင်းကျော်ရှိမည်ဖြစ်လေရာ ဆရာတော်ကြီး၏ဆန္ဒအရ လိုအပ်သလိုဖြည့်စွက်ရမည့်အပိုင်းများရှိလာနိုင်သဖြင့် ပြီးစီးမည့်အချိန်ကာလကိုမူ ခန့်မှန်း၍ မရနိူင်သေးချေ။

ယခုအခါတွင် ဘုရားကြီးပြီးစီးသည်အထိ လှုဒါန်းမည့် တစ်ဦးတည်းအလှုရှင်ပေါ်ပေါက်လာပြီဖြစ်လေရာ သာသနိကအဆောက်အအုံများစွာနှင့်အတူ ရဟန်းသံဃာ ၁၀၀ ကျော်၊ သီလရှင်အပါး ၄၀ ကျော်တို့သည် ဆရာတော်၏မေတ္တာရိပ်အောက်တွင်ခိုလှုံရင်း ဝိပဿနာတရားများကျင့်ကြံအားထုတ်လျှက်ရှိကြပါသည်။

ကြည်ညိုဖွယ်ရာ၏ ဓမ္မမိတ်ဆွေအပေါင်းတို့လည်း နတ်မောက်မြို့အနီး ရောက်ရှိခဲ့ပါလျှင် နတ်မောက်-ပျော်ဘွယ်ကားလမ်းအနီး၊ ပျော်ဘွယ်မြို့နှင့် ၃၇ မိုင်အကွာ ရန်ကုန်၊ မန္တလေးအမြန်လမ်းသစ်အနောက်ဖက်အနီးနှင့် ပျဉ်းမနားမှသွားလျှင် အဝေးပြေးလမ်းသစ်အတိုင်း ၈၇ မိုင်အကွာတွင်တည်ရှိသည့် “ရွှေနတ်ကယ်တောင်” သို့ တခါတခေါက် သွားရောက်ဖူးမြော်ကြည်ညိုနိုင်ကြပါရန် အကျိုးမျှော်ရေးသားအပ်ပါတယ်ခင်ဗျာ။

ရွှေနတ်ကယ်တောင်သမိုင်း

Crd