ကမ္ဘာပါတ်လမ်းမှာ (၉၀၈) ရက်ကြာ
ကမ္ဘာ့ပါတ်လမ်းမှာ ရက်ပေါင်း ၉၀၈ ရက်ကြာအောင် စံချိန်တင် လှည့်ပါတ်နေခဲ့တဲ့ အမေရိကန်တို့ရဲ့ ထိပ်တန်းလျှို့ဝှက်အာကာသယာဉ် X-37B ဟာ ကမ္ဘာမြေပေါ်ကို ပြန်လည်ဆင်းသက်လာခဲ့ပါတယ်။
X-37B ဟာ အရင်ကတင်ထားတဲ့ စံချိန် (၂)နှစ်ကို ချိုးလိုက်နိုင်တာလည်း ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ပါတ်လမ်း အာကာသထဲမှာ ဘာတွေလုပ်ဆောင်နိုင်ခဲ့ပါသလဲ။
ဒီယာဉ်ဟာ ဖလော်ရီဒါပြည်နယ်က နာဆာရဲ့ အကာသစပေ့စင်တာမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့က ပြန်လည်ဆင်းသက်ခဲ့တာဖြစ်ပေမဲ့ သတင်းကတော့ အခုမှ ပေါက်ကြားလာတာ ဖြစ်ပါတယ်။
အကြောင်းကတော့ ဒီယာဉ်ပျံသန်းမှုကိစ္စအဝဝကို နာဆာက USSF (United States Space Force) ကို လွှဲအပ်ထားလို့ ဖြစ်ပါတယ်။
X-37B နဲ့ပါတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို နာဆာ (NASA) က ထုတ်ပြန်ခဲ့ပေမဲ့ အာကာသထဲမှာတော့ သိပ္ပံနည်းကျ စမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့တယ်လို့ပဲ ပြောပါတယ်။
X-37 မော်ဒယ်တွေကို အမေရိကန်စစ်တပ်က ပုံစံထုတ်ခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်ကတည်းက စတင်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ယာဉ် (၂)စီးရှိပြီး ပထမအစီးဟာ အာကာသပါတ်လမ်းထဲမှာ ၂၀၁၄ ခုနှစ်က လွှတ်တင်ခဲ့ပြီး ၆၇၄ ရက် ကြာခဲ့ပါတယ်။ ယခု မစ်ရှင်ဖြစ်တဲ့ X-37B ကတော့ ၉၀၈ ရက်နဲ့ စံချိန်တင်ခဲ့ပါတယ်။
X-37B ကို Boeing ကုမ္ပဏီက တည်ဆောက်ပေးခဲ့ပါတယ်။ လွန်းပျံယာဉ်နဲ့ ဆင်တူပေမဲ့ ဒီယာဉ်က လူလိုက်ပါခြင်း မရှိပါဘူး။ သူ့ကို Atlas V ဒုံးပျံ ဒါမှမဟုတ် Falcon 9 ဒုံးပျံတို့ရဲ့ထိပ်မှာ ဒေါင်လိုက်တပ်ဆင် လွှတ်တင်နိုင်ပါတယ်။
ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၄၀၀ အကွာကနေ လှည့်ပါတ်နေခဲ့တာဖြစ်ပြီး ကမ္ဘာကို ပြန်လည်ဝင်ရောက်ချိန်မှာတော့ လေယာဉ်လို ဆင်းသက်တာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်၊ မေလမှာ လွှတ်တင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ပြန်လည်ဆင်းသက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ မစ်ရှင်ကို OTV-6 လို့ အမည်ပေးထားပါတယ်။ အဓိပ္ပါယ်က Orbital Test Vehicle – 6 ဖြစ်ပါတယ်။
X-37B အတွက် စွမ်းအင်ကို ဆိုလာပြားများအသုံးပြုပြီး ထုတ်လုပ်ပါတယ်။ ဒီ စွမ်းအင်ကနေ မိုက်ခရိုဝေ့ ( Micro wave)နဲ့ ကမ္ဘာကို ပြန်လည်သတင်းပို့ပါတယ်။
ဒီယာဉ်ပေါ်မှာ အမေရိကန်ဗိုလ်လောင်းတွေ ဒီဇိုင်းထုတ် ပြုလုပ်ထားတဲ့ လျှပ်စစ်သံလိုက်တွန်းကန်အားသုံး ဂြိုဟ်တုတစ်လုံးကိုလည်း တင်ဆောင်သွားပြီး ပါတ်လမ်းထဲကို ပစ်လွှတ်ခဲ့ပါတယ်။
ဒါ့အပြင် အမျိုးမျိုးသော ပစ္စည်းတွေနဲ့ မျိုးစေ့တွေအပေါ်မှာ အာကာသအတွင်း ထိတွေ့မှုရဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း စမ်းသပ်နိုင်ခဲ့တယ်လို့ ပံ့ပိုးသူ နာဆာ (NASA) ကပြောပါတယ်။
ဒါပေမဲ့ တချို့ကတော့ X-37B ဟာ အရင် အာကာသလွန်းပျံယာဉ်တွေလိုပဲ စစ်ရေးနဲ့ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်တွေ ရှိတယ်လို့ ထင်ကြေးပေးကြပါတယ်။
ရုရှားအာကာသအေဂျင်စီအကြီးအကဲ ဒီမီထရီ ရိုဂိုဇင်ကတော့ ဒါဂာ ကင်းထောက်ယာဉ်တစ်မျိုးဖြစ်ပြီး အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့လက်နက်တွေ တပ်ဆင်ထားတာဖြစ်မယ်လို့ ၂၀၂၃ ခုနှစ် အစောပိုင်း အင်တာဗျူးတစ်ခုမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
USSF ကတော့ ဘာမှတ်ချက်မှ မတုန့်ပြန်ခဲ့ပါဘူး။ “ဆိတ်ဆိတ်နေခြင်းက ဝန်ခံရာရောက်တယ်” ဆိုသလိုများ ဖြစ်နေမလား မသိပါဘူးနော်။
စာရှု့သူတို့ရော ဘယ်လိုထင်ပါသလဲ၊ မန့်ခဲ့ကြပါအုံးလို့။
Knight News Team
Knight News © 2023
Crd