
News Social News

ကမ္ဘာ့ ၂၄ နိုင်ငံက စစ်တပ်အကြီးအကဲတွေ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရူ ့ စစ်ဆေး..

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကော့ဆက်ဘဇားပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို မနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ကော့ဆက်ဘဇားပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့ကြသည့် အမေရိကန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles Flynn အပါအဝင် နိုင်ငံ ၂၄ နိုင်ငံက စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နဲ့ အမေရိကန်တို့ ဦးဆောင်ကျင်းပတဲ့ ၄၆ ကြိမ်မြောက် အင်ဒို-ပစိဖိတ် စစ်တပ်များ စီမံခန့်ခွဲမှုနှီးနှောဖလှယ်ပွဲ (IPAMS)-2022 ကို တက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေကြတာပါ။

အမေရိကန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Charles Flynn နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Shafiuddin Ahmed တို့နဲ့အတူ ကနေဒါ၊ ဩစတြေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေပါဝင်တဲ့ စစ်တပ်ခေါင်းဆောင်တွေဟာ စခန်းတွင်းက ဒုက္ခသည်တွေနဲ့ စကားပြောခဲ့ပါတယ်။

ဒုက္ခသည်စခန်းတွင်းမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာတော့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေး ယာယီကော်မရှင်နာမင်းကြီးနဲ့ အရာရှိတချို့က ဒုက္ခသည်စခန်းတွင်းက အခြေအနေအရပ်ရပ်ကို တင်ပြခဲ့ကြပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့က ပြုလုပ်တဲ့ အင်ဒို-ပစိဖိတ် စစ်တပ်များ စီမံခန့်ခွဲမှု နှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စာနာပေမယ့်

ဒုက္ခသည် တစ်သန်းကျော်၊ ပြည်တွင်းမှာ ကာလကြာရှည် ဆက်ရှိနေမယ်ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေး နိုင်ငံရေး မတည်ငြိမ်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးဟာ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပေမယ့် သူတို့ကို အတင်းအဓမ္မ ပြန်ပို့မှာတော့ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောဆိုခဲ့ပါတယ်။
Crd..dokonetwork

Unicode









Crd..dokonetwork

Crd