ကမ္ဘာ့ဖလားဂျာစီကို ဘယ်သူဖန်တီးခဲ့တာလဲ / ကမ္ဘာ့ဖလားအတွင်းမှ ခေါင်းပုံဖြတ်ခံနေရသော မြန်မာအထည်ချုပ်လုပ်သားများ ( မြန်မာနိုင်ငံမှာ Adidas ရဲ့ ဘောလုံးအဝတ်အထည်တွေ ထုတ်လုပ်ဖို့အတွက် တစ်ရက်ကို ၃ ဒေါ်လာအောက်သာရတဲ့ အထည်ချုပ်အလုပ်သမားတွေ ရှိနေပါတယ်။….)
မြန်မာနိုင်ငံမှာ Adidas ရဲ့ ဘောလုံးအဝတ်အထည်တွေ ထုတ်လုပ်ဖို့အတွက် တစ်ရက်ကို ၃ ဒေါ်လာအောက်သာရတဲ့ အထည်ချုပ်အလုပ်သမားတွေ ရှိနေပါတယ်။ စက်ရုံပိုင်ရှင်တွေကို လစာတိုးပေးဖို့ တောင်းဆိုပြီးနောက် အလုပ်သမားအချို့ အလုပ်ထုတ်ခံရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စတင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သန်းပေါင်းများစွာသော ပရိသတ်တွေဟာ ယခုနှစ်ပြိုင်ပွဲရဲ့ တရားဝင်ဝတ်စုံဖြစ်တဲ့ Nike နဲ့ Adidas တို့က ရောင်းချတဲ့ ဒေါ်လာ ၉၀ ကနေ ၁၅၀ ထိ ဈေးရှိတဲ့ဂျာစီတွေကို ၀တ်ဆင်နေကြတာပါ။
ကစားသမားတွေအဖို့ကလည်း သစ်လွင်တောက်ပြောင်တဲ့ ရောင်စုံဝတ်စုံအသစ်တွေနဲ့ ဖိနပ်တွေကို ၀တ်ဆင်ထားကြပါတယ်။ ဒါတွေဟာ တစုံစီတန်ကြေးအားဖြင့် ဒေါ်လာ ၂၀၀ လောက်ရှိပါတယ်။
ဒါပေမယ့် ဒီပစ္စည်းတွေကို ဖန်တီးသူတွေအဖို့ ဘာတွေပြန်လည်ရရှိခဲ့ပါသလဲ။
Adidas ရဲ့ ဘောလုံးဖိနပ်တွေ ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့က Pou Chen Group စက်ရုံက အလုပ်သမား ရ၈၀၀ ကျော်ဟာ တစ်ရက်ကို မြန်မာ‌ငွေ ၄၈၀၀ ကျပ် (ဒေါ်လာ ၂.၂၇) ပဲရရှိနေတာပါ။
ယခု မြန်မာအထည်ချုပ်စက်ရုံရဲ့ ဖြစ်စဉ်က တောင်အာရှက အထည်ချုပ် လုပ်သားသန်း ၄၀ ရှိရဲ့ ရုန်းကန်နေရတဲ့ အခြေအနေကို ထင်ရှားစေပါတယ်။ ဒီလုပ်သားတွေဟာ ဆိုးရွားတဲ့ လုပ်ငန်းခွင်၊ နည်းပါးတဲ့ လုပ်ခလစာအကြားမှာ ရုန်းကန်ရပ်တည်နေရပြီး ကပ်ရောဂါဖြစ်ပွားတာတွေကြောင့် ပိုမိုဆိုးရွားလာနေပါတယ်။
ယခုလို ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပွဲတွေ ကျင်းပနေမှာ အထည်ချုပ်လုပ်သားတွေအဖို့ သူတို့ရဲ့ လုပ်ငန်းခွင်အခြေအနေများ တိုးတက်ကောင်းမွန်လာစေရေး ကြိုးပမ်းအားထုတ်မှုတွေသာ ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ပြစ်ဒဏ်ပေးခြင်းတွေကိုသာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတွင် အလုပ်သမား‌တွေက တနေ့လုပ်ခ ၃ ဒသမ ရ၈ ဒေါ်လာပေးဖို့ တောင်းဆိုတဲ့ သပိတ်စတင်ခဲ့ပြီးနောက် စက်ရုံမန်နေဂျာတွေက စစ်သားတွေကို စက်ရုံအတွင်း ခေါ်သွင်းလာခဲ့ပြီး အလုပ်သမား ၂၆ ဦးကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ဒီထဲမှာ အလုပ်သမား ၂၀၀၀ ကျော်ပါတဲ့ သပိတ်ကို ဦးဆောင်ခဲ့တယ်လို့ ယူဆရတဲ့ စက်ရုံအလုပ်သမားသမဂ္ဂက အဖွဲ့ဝင် ၁၆ ဦးလည်း ပါ၀င်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုတွေအရ စစ်အာဏာရှင်က ဒီမိုကရေစီအသွင်သဏ္ဍာန်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းနေတဲ့ အချိန်ကို စက်ရုံက အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို အပြစ်ပေးနေတာလို့ အလုပ်သမား အများအပြားက ယူဆပါတယ်။
တစ်ချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့ ငွေကြေးတန်ဖိုးကျဆင်းမှုဟာ မြန်မာပြည်သူတွေရဲ့ စားဝတ်နေရေးကို ဖိအားတွေဖြစ်လာစေပါတယ်။ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းချိန်ကစပြီး ကျပ်ငွေတန်ဖိုးဟာ ဒေါ်လာနဲ့ယှဉ်လျှင် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တာပါ။ တဆက်တည်းမှာ စားသောက်ကုန်၊ သယ်ယူပို့ဆောင်ရေးနဲ့ နေထိုင်စရိတ်တွေလည်း မြင့်တက်လာခဲ့ပါတယ်။
သုံးရက်လုံးလုံး စားစရာမရှိဖြစ်နေခဲ့တဲ့ ကျန်းမာရေးချို့တဲ့သူ အလုပ်သမားတစ်ဦးဟာ သူ့အလုပ်ဖော်တွေက စားစရာယူလာပေးတော့မှပဲ အစာစားခဲ့ရပါတယ်။
လက်တုံ့ပြန်မှုကို ခံရမှာစိုးလို့ အမည်မဖော်လိုသူ အသက် ၂၂ နှစ်အရွယ် အလုပ်သမားတဦးကလည်း အလုပ်ပြန်ရနိုးနိုး မျှော်မှန်းထားရင်း သူ့ရဲ့အခြေအနေကို အခုလိုပြောပါတယ်။ “အိမ်လခ ပေးရဖို့ရယ်၊ နောက်ပြီး မိသားစုတွေ ရပ်တည်နိုင်အောင် အိမ်ကို ပိုက်ဆံပြန်ပို့ဖို့အတွက်ရယ် ‌တော်တော်စိတ်ပူ‌နေရတယ်။ အရင်ကတည်းကိုက အခြေအနေတွေက အရမ်းခက်ခဲနေပြီတာ။ ဒါ့ကြောင့် လုပ်ခတိုးပေးဖို့ တောင်းဆိုတာ။ အခု အလုပ်မရှိတော့ ပိုခက်ခဲတာပေါ့။ စားဖို့တောင် အနိုင်နိုင်ပဲ ” လို့ ဆိုပါတယ်။
ထိုင်ဝမ်မှာရှိတဲ့ Pou Chen ကုမ္ပဏီ ရုံးချုပ်က အီးမေးလ်နဲ့ပေးလာတဲ့ ကြေညာချက်မှာတော့ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ဝန်ထမ်းရေးရာကိစ္စရပ်တွေကို ဒေသဆိုင်ရာ ဥပဒေတွေ၊ စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်နေကြောင်းနဲ့ အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုပိုင်ခွင့်ကိုလည်း လေးစားကြောင်း ဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအရ အခုလိုတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ အလုပ်သမား ခုံသမာဓိရုံးနဲ့ ဆက်သွယ် လုပ်‌ဆောင်နေတယ်” လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ရည်ညွှန်းထားတဲ့ ကုမ္ပဏီရဲ့ အီးမေးလ်ထဲ ပါရှိပါတယ်။
Adidas ကလည်း ကြေညာချက်ထုတ်ပြန်ထားပါသေးတယ်။ “Adidas အနေနဲ့ လုပ်ငန်းခွင်စံနှုန်းတွေနဲ့ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့ ပတ်သက်လို့ ထားရှိတဲ့ ကာလကြာရှည် ကတိကဝတ်တွေကို ဆန့်ကျင်ချိုးဖောက်နေတဲ့ ဒီလို အလုပ်ထုတ်ပယ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်” လို့ဆိုပါတယ်။ “ယခုလုပ်ရပ်တွေဟာ ဥပဒေကြောင်းအရ မှန်ကန်မှုရှိမရှိကို Adidas အနေနဲ့ စုံစမ်းစစ်ဆေးနေပါပြီ။ Pou Chen ကုမ္ပဏီအနေနဲ့လည်း အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ချက်ချင်းပြန်လည်ခန့်အပ်ပေးဖို့ တောင်းဆိုထားပါတယ်” လို့ Adidas ရဲ့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။
အနောက်တိုင်းဖက်ရှင်နဲ့ အားကစားဝတ်စုံအမှတ်တံဆိပ် အများစုဟာ ကိုယ်ပိုင်ထုတ်လုပ်ရေး စက်ရုံတွေမရှိကြဘဲ ဒီထုတ်လုပ်ရေးတွေ ဆောင်ရွက်ဖို့ သီးခြားလွတ်လပ်တဲ့ Global South လိုစက်ရုံ‌တွေ၊ Supplier တွေနဲ့ သီးခြားစာချုပ်ချုပ် လုပ်ကိုင်ကြတာပါ။ သဘောတရားအရတော့ စက်ရုံလုပ်သားတွေရဲ့ အလုပ်ရှင်တွေ မဟုတ်ကြတဲ့အတွက် အလုပ်သမား စံနှုန်း‌တွေနဲ့ လူ့အခွင့်အရေးတွေကို လိုက်နာဖို့ ဥပဒေကြောင်းအရတော့ တာဝန်ရှိမနေပြန်ပါဘူး။
H&M၊ Adidas နဲ့ Nike တို့လို ကုမ္ပဏီတွေအနေနဲ့ ကုမ္ပဏီရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပိုမိုမြင်သာစေဖို့ စက်ရုံ Supplier တွေရဲ့အချက်အလက်တွေကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။ Adidas ကလည်း ကမ္ဘာ့ဖလား အဝတ်အထည်ထုတ်လုပ်ရေးရဲ့ Supplier စာရင်းကို သီးခြားထုတ်ပြန်ပါတယ်။ အမေရိကန်၊ အင်္ဂလန်နဲ့ ဘရာဇီးကဲ့သို့သော ကမ္ဘာ့ဖလားအသင်း ၁၃ သင်းအတွက် ဘောလုံးဝတ်စုံတွေ ထုတ်လုပ်ပေးထားတဲ့ Nike က‌တော့ Supplier စာရင်းကို သီးခြား ထုတ်ပြန်ထားတာမျိုး မရှိလို့ ထုတ်လုပ်ရေးကို ဘယ်မှာလုပ်ခဲ့တယ်ဆိုတဲ့အချက်ကို ခြေရာခံဖို့ ပိုမိုခက်ခဲ‌စေပါတယ်။
ဒိီလို Supplier စာရင်းကို ထုတ်ပြန်ပေးရုံနဲ့လည်း Fashion Industry ရဲ့ ထုတ်လုပ်မှုအဆင့်ဆင့်မှာ တာဝန်ခံမှုရှိစေမယ်ဆိုပြီး အာမခံနိုင်တာလည်း မဟုတ်ပြန်ပါဘူး။ ဒါလည်း အလုပ်သမားသမဂ္ဂတွေကို ဖြိုခွဲဖို့ ကာလရှည် ကြိုးပမ်းမှုတွေအရ သိနိုင်ပါတယ်။
အထည်ချုပ်လုပ်သားတွေရဲ့ ဒီဘေးဒုက္ခဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပေါ်ပေါက်ခဲ့တဲ့ ဆိုးရွားတဲ့ လူမှုရေးပြဿနာတွေထဲက တစ်ခမျှသာဖြစ်ပါတယ်။ အာဏာရှင်ဘုရင်စနစ်က လိင်တူချစ်ခင်မှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ထားတာ၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်အလွဲသုံးစားလုပ်ထားတာတွေစတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များစွာနဲ့ ပတ်သက်ပြီး ကာတာဟာ ဝေဖန်မှုတွေကို ပြင်းထန်စွာခံနေရတာပါ။
အင်္ဂလန်နဲ့ ဂျာမနီတို့ပါ၀င်တဲ့ ဥရောပခုနစ်နိုင်ငံဟာ L.G.B.T နဲ့ လူနည်းစုတွေကို ထောက်ခံမှုပြတဲ့အနေနဲ့ “One Love” ဆိုတဲ့ စာသားပါ သက်တံရောင် လက်ပတ်တွေ ၀တ်ဆင်ရန် စီစဉ်ထားပါတယ်။ ဒါပေမယ့် ဒါဟာ ဖီဖာရဲ့ သတိပေးချက်ကြောင့် ပြုလုပ်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် ဂျာမန်ကစားသမားတွေကတော့ ပွဲစမမီ ဓာတ်ပုံရိုက်ကူးရာမှာ ပါးစပ်ကို လက်နဲ့ပိတ်ထားတဲ့ပုံစံနဲ့ ကန့်ကွက်မှုကို ပြသခဲ့ပါတယ်။ အားကစားဝတ်စုံ ကုမ္ပဏီတခုဖြစ်တဲ့ Hummel ကလည်း ကာတာကို ဆန့်ကျင်မှုအနေနဲ့ ဒိန်းမတ်ကစားသမားတွေအတွက် စပွန်ဆာအမှတ်အသားမပါ ဗြောင်အကျႌတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြမှုတွေကို အားပေးသူတချို့က ကမ္ဘာ့ဖလားဝတ်စုံနောက်ကွယ်က အထည်ချုပ်အလုပ်သမားတွေရဲ့ အခက်အခဲကိုလည်း အသိအမှတ်ပြုသင့်တယ်လို့ ထင်မြင်ကြပါတယ်။ ” ကာတာမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားဝတ်စုံတွေ ထုတ်လုပ်တဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် အာရုံစူးစိုက်မှု လုံးဝ မရှိခဲ့ပါဘူး” လို့ အလုပ်သမားအခွင့်အရေး စည်းရုံးရေးအဖွဲ့ ဒါရိုက်တာ Thulsi Narayanasamy က ပြောပါတယ်။ “ စက်ရုံတွေမှာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေရရှိစေဖို့ အလုပ်သမားတွေရဲ့ စုစည်းရပ်တည်နိုင်မှုဟာ အခြေခံလူ့အခွင့်အရေးပါ။” လို့သူကဆိုပါတယ်။
Crd